ကောင်းကင်ကို လည်ပြန်မော့ကြည့်တော့
ညဉ့်အမှောင်ထဲ
ခေါက်တုံ့ခေါက်ပြန်နဲ့
တောက်နေတဲ့ တိမ်တွေ။
ဆောင်းနှင်းစက်တို့ကလည်း
လမင်းကို ခ ယ
တသသ နဲ့
ခပ်ဖွဖွ နမ်းတယ်။
“ငါ မပြုံးတတ်တော့တာ ကြာပြီ” လို့
နှင်းလမင်း က
မြေပြင်ကို ငုံ့ကြည့်ရင်း
ခပ်တင်းတင်းဆိုတယ်။
ရေခဲရိုက်သစ်ရွက်တွေကြား
ငှက်ခါးတစ်ကောင်က နားတယ်။
ခြေရာမဲ့ နှင်းပြင်ကြီး
အထီးကျန် ကြိုးတန်းနဲ့
လမ်းပျောက်နေတဲ့ တောက်တဲ့
ဘ၀ကို ငဲ့ကွက်
လှည့်ကွက်လို ကုတ်တွယ်ထားတယ်။
လမင်းကို မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုတဲ့ နှင်းလမင်း က
ဖွဖွလေး ပြုံးနေတယ်
အနားက ကြယ်ကလေးကိုပါ။
အေးခဲနေတဲ့ မြေပြင်ဟာ
ရေခဲရိုက်သစ်ရွက်တစ်ရွက်
ဝန်တိုမှု အပိုင်းအစ
သံဆူးကြိုးပေါ်က စီးမျောတဲ့ လရောင်
လွင်တီးခေါင် အလွမ်းတွေကို
နူးညံ့မှုကင်းစွာနဲ့ပဲ
လက်ဖ၀ါးထဲ ထည့်ချွေလိုက်တယ်။
လှလွန်းတဲ့ နှင်းလ ကို
စိတ်နာနာနဲ့ မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုသူ နှင်းလမင်းကြီးကတော့
…
အနားက ကြယ်ကလေးကို
ကပ်ကပ်ပြီးတော့ …
တဖျတ်ဖျတ်ရယ်ပေါ့ကွယ်…။
No comments:
Post a Comment